ဒီနေ့မနက်စောစော ဘုရားရှိမခိုးခင် ဘုရားစဉ်ရှေ့မှာထိုင်နေရင်း အတွေးတစ်ခုဝင်လာတယ်။ ပန်းလေးတွေနဲ့စပ်တဲ့အတွေးပါ။ အာရုံမြင်ကွင်းက ဘုရားစဉ်ရှေ့မှာရှိနေတဲ့ ပန်းအိုးရှစ်လုံး။ ပန်းအိုး ထဲမှာရှိနေတဲ့ပန်းတွေက အရောင်စုံ၊ အသွေးစုံ။ နှင်းဆီပန်းတွေလဲပါတယ်။ သစ်ခွပန်းတွေလဲပါတယ်။ ဒေလီယာပန်းတွေလဲပါတယ်။ အခြားအခြားအမည်မသိတဲ့ပန်းတွေလဲပါတယ်။ အဲဒီပန်းအိုးတွေထဲက ပန်းအိုးလေးလုံးထဲမှာရှိနေတဲ့ပန်းတွေက ညှိုးတတ်တဲ့ပန်းတွေ။ ကျန်တဲ့ပန်းအိုးတွေထဲကပန်းတွေက တော့ မညှိုးပန်းတွေ။ ပန်းတွေရဲ့ကွဲပြားခြားနားမှုကို သတိပြုမိတယ်။ ပန်းတွေကိုအမြဲတန်း လန်းဆန်း စေချင်လို့ မညှိုးပန်းတွေကို လှူထားရော့သလားလို့လဲတွေးမိပါရဲ့။ ဘာပဲဖြစ်ဖြစ်လေ ဘုရားရှင်စင်ရှေ့ မှာတော့ ပန်းတွေနဲ့ဝေလို့။ ဒီအာရုံမြင်ကွင်းကို အတွေးစိတ်မှာ ခေါင်းစဉ်လေးပေးပြီး ရေးမှတ် လိုက်တယ်။ ခေါင်းစဉ်က “နေ့စွဲမပါတဲ့ ပန်းဒိုင်ယာယီ” တဲ့။
ပန်းဆိုတာ လူသားတွေအတွက်တော့ မွှေးဖို့၊ ကြူဖို့၊ အလှဆင်ဖို့၊ လက်ဆောင်ပေးဖို့၊ ဆိုရှယ် ရေးရာမှာကိုယ်စားပြုပေးဖို့နဲ့ ဘုရာပန်းတင်လှူဖို့။ ဒါကလူတွေရဲ့သဘောထားပါ။ သက်မဲ့ပန်းလေးတွေ သူတို့ရထားတဲ့ဘ၀က အမွှေးခံ၊ အကြူခံဖို့မဟုတ်။ အချစ်ခံ၊ အမုန်းခံဖို့လဲမဟုတ်။ ဘ၀ပေးတာဝန်အရ သူတို့ဆောင်ရွက်ရမဲ့အလုပ်က မျိုးဆက်ပြန့်ပွားဖို့။ သူတို့ပွင့်လန်းမှ တစ်ပွင့်ကနေတစ်ရာ။ တစ်ရာက နေတစ်ထောင်။ ဒီမှတဆင့် သာယာလှပတဲ့ပန်းဥယျာဉ်ကြီး။ သီးပင်များမှာလဲ အလားတူတာဝန်ကို ဆောင်ရွက်ဖို့။ ပန်းတစ်ပွင့်ကအသီးတစ်လုံး။ ပန်းတစ်ရာက အသီးတစ်ရာ။ ပန်းတစ်ထောင်က အသီး တစ်ထောင်။ ထိုနောက် အသီးပေါင်းသိန်းသန်းကုဋေရှိတဲ့သစ်သီးဥယျာဉ်ကြီး။ ဒါပေမဲ့ လူတွေးရဲ့ အတွေးတွေက ရှုပ်ရှုပ်ထွေးထွေး။ “ပွင့်ချိန်တန်ပွင့်၊ သီးချိန်တန်သီး” လို့ဆိုပေမဲ့ အလွှာမတူတဲ့ ဘ၀တွေကြားမှာ ပွင့်လာတဲ့အပွင့်ကို သီးခွင့်မပေးနိုင်တာ၊ သီးလာတဲ့အသီးကို ကြီးထွားခွင့် မပေး နိုင်တာ။ ဒါတွေက လူ့တွေရဲ့အတ္တဖက်တဲ့အပြုအမူတွေပါ။ ဒီလို ပြုမူတတ်တဲ့လူတွေရဲ့ သဘောကို ပန်းလေးတွေ နားလည်နိုင်မှာမဟုတ်ပါဘူး။ မျှတတဲ့စိတ်ထားနဲ့ ကြည့်တတ်မယ်ဆိုရင် ပန်းလေးတွေရဲ့ဘ၀က သနားစရာပါ။ လူတွေရဲ့မျက်ဝန်းအိမ်မှကျတဲ့မျက်ရည်ကြောင့် ပန်းပွင့်လေး တွေရဲ့ဘ၀လေးတွေ နွမ်းကြွေမွှခဲ့ရတယ်။ ဒီအဖြစ်မျိုးတွေက ထောင်းမက၊ သောင်းမက။ ဒါပေမဲ့ ပန်းလေးတွေမှကျတဲ့မျက်ရည်ကြောင့် လူတွေရဲ့ဘ၀ကို ဘယ်တော့မှနွမ်းကြွေရိုးမရှိ။ ဒီလိုပါပဲ သူတော်ကောင်းတွေကြောင့် ကျတဲ့မျက်ရည်၊ ကြုံရတဲ့ဘေးအန္တရာယ်မျိုးဆိုတာ လူ့ဘ၀မှာရှိမှမရှိတာ။ စဉ်းစားဆင်ခြင်နိုင်ဖို့ပါ။
2
ပန်းတွေနဲ့ပတ်သက်ပြီး လူ့ဘ၀မှာ စဉ်းစားစရာတွေကအများကြီး။ ဘုရားကိုပူဇော်ထားတဲ့ ပန်းရယ်၊ ကေသာမှာဆင်မြန်းထားတဲ့ပန်းရယ် အလှခြင်းလဲတူမှာမဟုတ်ဘူး။ တန်းဖိုးခြင်းလဲညီမှာ မဟုတ်ဖူး။ ဘာကြောင့်လဲဆိုရင် အတွေးခြင်း၊ အမြင်ခြင်း မတူနိုင်လို့ပါ။ ပန်းလေးတွေဟာ စကား မပြောတတ်ပေမဲ့ ဘ၀ကိုပုံဖေါ်ရာမှာ ပန်းတွေနဲ့ပုံဖေါ်ပြတတ်ကြတယ်။ ပန်းဒိုင်ယာယီတွေ၊ ပန်းပုံပြင် တွေ၊ ပန်းဒဏ္ဍာရီတွေနဲ့ ပန်းတွေအကြောင်းကို ကဗျာအလှ၊ စာအလှတွေနဲ့ ဖွဲ့နွဲ့ပြကြတယ်။ စာပေတွေ၊ ကဗျာတွေထဲမှာ ပန်းဆိုတာ အမြဲတန်းလန်းမှ လှတယ်လို့ ယူဆသူများရှိသလို၊ လန်းခြင်း၊ နွမ်းခြင်းဆိုတဲ့ သဘာဝဖြစ်စဉ်ကိုပင် အလှတရားပါလို့ မြင်တတ်၊ ခံစားတတ်သူများလဲ ရှိလေရဲ့။
ဘ၀ကိုပန်းနဲ့နှိုင်းပြီး ပြောတတ်ကြတယ်။ ဥပမာ၊ မိန်းမသားတို့ရဲ့အပျိုစင်ဘဝကို လန်းဆန်း မွှေးကြူနေတဲ့ ပန်းလေးများနဲ့ နှိုင်းခိုင်းပြီး၊ အိမ်ထောင်ကျထားပြီးတဲ့မိန်းမသားတို့ရဲ့ဘဝကိုတော့ နွမ်းကြွေတဲ့ပန်းတွေနဲ့ နှိုင်းခိုင်းပြောဆိုတတ်ကြတယ်။ အလွှာမတူတဲ့ဘဝတွေကို နှိုင်းခိုင်းပြချင်တဲ့ အခါမျိုးတွေမှာတော့ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ဓနဂုဏ၊် အလှဂုဏ်၊ ပညာဂုဏ်တွေနဲ့ပြည့်စုံနေတဲ့ မိန်းမသားများရဲ့ဘဝကို ပိတောက်ပန်းလေးများနဲ့နှိုင်းခိုင်းပြောဆိုပြီး၊ အလယ်အလတ်တန်းစားဖြစ်တဲ့ မိန်းမသားများရဲ့ဘဝမျိုးကိုတော့ ငုပန်းလေးတွေနဲ့နှိုင်းခိုင်းပြီးပြောဆိုတတ်ကြတယ်။ ဘဝမဲ့၊ အလှမဲ့၊ အခြေမဲ့၊ အနေမဲ့၊ ဂုဏ်မဲ့၊ ဓနမဲ့၊ ပညာမဲ့တဲ့မိန်းမသားများရဲ့ ဘဝမျိုးကိုကြတော့ ခေါင်းရမ်းပန်းတွေနဲ့ နှိုင်းခိုင်းပြီးပြောဆိုတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးတွေကရှိနေတော့ လူ့လောကမှာ အလှအပ တရားတွေနဲ့ဝေဆာနေနဲ့ ပိတောက်လိုပန်းမျိုးကို ပန်ချင်ကြ၊ ခူးချင်ကြတယ်ဆိုတာ ဘာများထူးဆန်း တော့လို့လဲ။ တကယ်တော့ ပန်းဆိုတာ ခူးတတ်၊ ပန်တတ်ရင် ပျော်စရာ၊ ကြည်နူးစရာကောင်းပေမဲ့ အဆိပ်ပန်းမျိုးကို ခူးမိ၊ ပန်မိ၊ ရှုမိရင်တော့ ရူးလဲရူး၊ မူးလဲမူးသွားနိုင်တယ်ဆိုတာသတိရှိဖို့ပါ။ သူတော်ကောင်းတွေပန်တဲ့၊ သူတော်ကောင်းတွေခူးတဲ့ သီလစတဲ့ပန်းမျိုးတွေကြတော့ ပန်သူအတွက် ရူးလဲမရူး၊ မူးလဲမမူးတဲ့အပြင်၊ အမြဲတမ်းပဲပျော်ရွှင်ချမ်းမြေ့စေနိုင်တာ။ တွေးသိနိုင်ဖို့ပါ။
ဟုတ်ပြီလေ။ ဒီတော့လဲ ပန်းနှင့်လူ အသွင်တူအောင် အဓိပ္ပါယ်ရှိတဲ့ နှိုင်းခိုင်းမှုတွေကို ပြုကြ ရမယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သီလကို ပန်းနဲ့နှိုင်းခိုင်းပြီး သုတ္တန်များမှာဟောထားတာ ရှိတယ်။ ဟောထားပုံက - မြေမှပေါက်တဲ့ ပန်းလေးတွေရဲ့ရနံ့ဟာ လေအောက်မှာနေသူကိုသာ မွှေးကြူ နိုင်ပေမဲ့ လေညာမှာနေသူကိုတော့ မွှေးကြူနိုင်စွမ်းမရှိဘူးတဲ့။ သူတော်ကောင်းတွေ့ရဲ့ သီလရနံ့မျိုး ကတော့ လေအောက်မှာလဲမွှေး။ လေညာမှာလဲမွှေး။ ဘယ်နေရာမှာပဲနေနေ မွှေးနိုင်တယ်တဲ့။ သီလ တန်ဖိုးကိုသိမှ ပန်းရဲ့တန်ဖိုးကိုသိနိုင်တဲ့ တရားမျိုးပါ။
ဒီနေရာမှာ ဒီပုံဝတ္ထုလေးကို မျှဝေခံစားကြည့်စေချင်တယ်။ တစ်ခါက ရဟန်းငယ်လေးတစ်ပါး ကန်ဘောင်ရိုးမှာရှိတဲ့သစ်ပင်ရင်းမှာ တရားအားထုတ်နေခဲ့တယ်။ အဲဒီအချိန်မှာ ရှောင်တခင်ဆိုသလို
3
သာသာညှင်းညှင်းလေးနဲ့ တိုက်ခိုက်လိုက်တဲ့လေ။ အဲဒီလေနဲ့အတူပါလာတဲ့ကြာပန်းရနံ့လေးတွေဟာ တရားအားထုတ်နေတဲ့ ရဟန်းငယ်ရဲ့မျက်နှာအနီးတဝိုက်မှာ ဝေ့ဝိုက်ပြီးဖြတ်သန်းသွားခဲ့ကြတယ်။ ရဟန်းငယ်လေးဟာ ၀င်လေထွက်လေနဲ့အတူ ပန်းရနံ့လေးကို သာယာစိတ်နဲ့ရှူမိလိုက်တယ်။ ဒါကိုသိတဲ့ရေကန်စောင့်နတ်သမီးက နံ့သာသူခိုးရယ်လို့စွပ်စွဲပြောဆိုလာတယ်။ ဒီတော့ရဟန်းငယ်က “အသင်နတ်သမီး ဘာကြောင့် ငါ့ကို နံ့သာသူခိုးလို့စွပ်စွဲရတာလဲ။ ခုနက လူတစ်ယောက် ရေကန်ထဲ ဆင်းပြီး ကြာပန်းတွေကို သူအလိုရှိသလောက် ခူးယူသွားတာကို သင်မမြင်ရော့လေသလား။ သူ့ကိုတော့ နံ့သာသူခိုးလို့မစွတ်စွဲပါပဲ ဘာကြောင့်များ ငါ့ကိုတော့ နံ့သာသူခိုးရယ်လို့ စွတ်စွဲရတာလဲ” တဲ့။“မြင်ပါသော်ကောအရှင် သို့ပေမဲ့ လူတွေရဲ့သီလဆိုတာ မည်းညစ်နေတဲ့အဝတ်ပေါ်မှာ နောက်ထပ် အညစ်ထေးတွေစွန်းထင်လဲ ဘာမှထူးတော့တာမဟုတ်ဘူး။ ဒါကြောင့်လူတွေအကြောင်းကိုတော့ ကျွန်ုပ်ဘာမှမပြောလိုပါ။ သို့သော်အရှင် အရှင်ရဲ့ဖြူစင်တဲ့စိတ်အစဉ်မှာ ပန်းရနံ့ကို သာယာကြည်နူးတဲ့ သမုဒယဆိုတဲ့အညစ်အထေးလေးတစ်ခု နောက်ထပ်အစွန်းထင်သွားမှာစိုးလို့ သတိပေးရခြင်းပါ”တဲ့။ သူတော်ကောင်းတို့ရဲ့သီလရနံ့များဟာ အမြဲတန်းမွှေးကြူနေတယ်ဆိုတာကို သိစေလိုတဲ့သဘောပါ။ ဟုတ်ပါရဲ့။ ပန်းဆိုတာအပြစ်ကင်းစင်တဲ့မွှေးရနံ့ရှိတယ်ဆိုပေမဲ့ ကိလေသာမြူအညစ်အကြေးများလဲ စွန်းထင်နိုင်သေးတာပဲလို့ သဘောပေါက်မိပါရဲ့။
(ဆက်လက်ဖော်ပြပါအုံးမယ် အပိုင်း(၂)ဆက်ရှုစားရန်)
ไม่มีความคิดเห็น:
แสดงความคิดเห็น