วันอาทิตย์ที่ 11 กันยายน พ.ศ. 2554

မြေမြိုသည်အထိဆိုးကျိုးကိုပေးတတ်တဲ့ မုသာဝါဒ ကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း


မုသာဝါဒ ကံအကြောင်းကိုလေ့လာသုံးသပ်ခြင်း
ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက်
သိက္ခာပုဒ်ပါ။မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက်
ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို
မုသာဝါဒလို့ခေါ်တာပါ။နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါး

အကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။
သူတစ်ပါးအကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာ
ကောင်းကျိုးရစေလိုပြီး၊တစ်ဖက်အမှားကိုသိစေလို၍
ပရိယာယ်သုံးခြင်းသည်၊ဆိုးကျိုးရစေလို၍
ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒ
ကံမမြောက်ဘူးလို့ပြောရမှာပါ။(ဥပမာ)မြတ်စွာဘုရားရှင်က ညီနော်နန္ဒမင်းသား
အရဟတ္တမဂ်တည်းဟူသော တရားထူးကို
ရစေလိုသောကြောင့်၎င်း၊(တစ်နည်း)ညီနော်နန္ဒမင်းသားရဲ့ စရိုက်ကို
သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့်
ကမ္မဋ္ဌာန်းကိုပေးခြင်း(တစ်နည်း)ဇနပဒကလျာနီတည်းဟူသော
အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့်သာသနာတော်ကနေ
လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသော ကြောင့်
ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။ဒါကိုထောက်ဆကြည့်ရင်
သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့် ပရိယာယ်မျိုးကျတော့
မုသာဝါဒကံမမြောက်ဘူးဆိုတာကိုသိစေချင်တာပါ။ဒါပေမယ့် ၊ရယ်မြူးလို၍
မုသားပြောဆိုပြုမူခြင်းများမှာ မုသာဝါဒကံမြောက်တယ်။ဒါပေမယ့် အပြစ်သေးတယ်။
မုသာဝါဒကံကိုလွန်ကျူးမိရင်တော့
(၁) မကြည်ညိုဖွယ်ရာ ရုပ်ဆင်းရှိခြင်း၊
(၂) သွား မညီမညွတ် ရှိခြင်း၊
(၃) နား မချမ်းသာသော အသံ ရှိခြင်း၊
(၄) ၀လွန်းဆူလွန်းခြင်း၊
(၅) ပိန်လွန်း သေးလွန်းခြင်း၊
(၆) နိမ့် ပုလွန်းခြင်း၊
(၇) မြင့် ရှည်လွန်းခြင်း၊
(၈) ကြမ်းတမ်းသော အသားအရေ ရှိခြင်း၊
(၉) ခံတွင်းပါးစပ်ပုပ်ညှီခြင်း၊
(၁၀) ဆွံ့အ တုန်လှုပ်ခြင်း၊
(၁၁) သူတပါးတို့မယုံကြည်ခြင်း၊
(၁၂) တိုသော လျှာ စကားမပြီ ရှိခြင်း၊
(၁၃) လျှပ်ပေါ်တတ်ခြင်း၊
(၁၄) မိုက်မဲ တွေဝေခြင်း၊
(၁၅) ဉာဏ် ပညာ နည်းပါးခြင်း၊
(၁၆) ကြောက်ရွံ့တတ်ခြင်း။(ခုဒ္ဒပါဌ အဋ္ဌကထာ)ထို ဆိုးကျိုးများအပြင်
သေလွန်သည့်အခါ အပါယ်လေးပါးသို့ရောက်ရခြင်းဆိုတဲ့ ဆိုးကျိုးများစွာကိုရစေပါတယ်။
မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊ မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ်
ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ
မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။ခံတွင်း
ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ
ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။
သူတစ်ပါးအပေါ် သြဇာမရောက် ၊
အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို
သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး
အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ
မဟုတ်ပါဘူး။ယခုခေတ်ထိုထိုသော အင်္ဂါရပ်တွေနဲ့ညီနေတဲ့ပုဂ္ဂိုလ်များဟာ မုသာဝါဒ
သမားများဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက
အားလုံးသိတဲ့အတိုင်းပါ။မြတ်စွာဘုရားရှင်ကို မဟုတ်မမှန်လိမ်ညာပြီး
စွပ်စွဲခဲ့တဲ့ စိဉ္စာမာဏဝိကာ ဟာ ပုဆိုးကြမ်းကို ဝမ်းမှာရစ်ပတ်ပြီး
ပျဉ်ချပ်ဖုံးအုပ်၍ ကိုယ်ဝန်ပြုလုပ်ကာ မြတ်စွာဘုရားရှင်ကို
ပရိတ်သတ်အလည်မှာ မဟုတ်မမှန်လိမ်ညာပြီး စွပ်ခဲ့တာပါ။ထိုထိုသို့သော
လိမ်ညာလှည့်ပတ် မုသားဆိုခဲ့တဲ့ အကုသိုလ်ကံကြောင့်
အဝီစိငရဲကိုကျရောက်ခဲ့တာဟာ မုသာဝါဒ ကံကြောင့်ြ့ဖစ်ပါတယ်။မုသာဝါဒ
ကံကြောင့် အပါယ်လေးပါးရောက်ရခြင်းစတဲ့ဆိုးကျိုးတွေကိုပေးတဲ့
ဝတ္ထုတွေအများကြီးရှိပါတယ်။
မုသာဝါဒ မဟုတ်မမှန် မုသားစကား ပြောဆိုမှုကြောင့် မြေမြိုခံရတဲ့
စေတီယမင်းအကြောင်းကိုနဲနဲပြောပြချင်ပါတယ်။ဒါက မြတ်စွာဘုရားတော်မူတဲ့
စေတိယဇာတ်မှာလာပါတယ်။ထိုစေတိယမင်းက
တန်ခိုးနဲ့ပြည်စုံပါတယ်။နတ်သားလေးယောက်က သန်လျက်စွဲကိုင်ပြီး
အရပ်လေးမျက်နှာမှာစောင့်ရှောက်ခြင်းဆိုတဲ့
အခြံအရံရှိပါတယ်။ကောင်းကင်သို့လိုသလို စိတ်ကြိုက်သွားလာနိုင်တဲ့
တန်ခိုးလည်းရှိပါတယ်။ခန္ဓာကိုယ်က စန္တွကူးရနံ့သင်းပျံ့ပါတယ်။ခံတွင်းကလည်း
ကြာညိုရနံ့သင်းပျံ့တဲ့အထိ တန်ခိုးကြီးတယ်လို့ဆိုရမှာပါ။
ထိုစေတိယမင်းမှာ ကပိလ အမည်ရှိတဲ့
ပရောဟိတ်ပုဏ္ဏားတစ်ယောက်ရှိပါတယ်။ထိုပရောဟိတ်ပုဏ္ဏားမှာလည်း
ကောရကလဗ္ဗအမည်ရှိတဲ့ ညီတစ်ယောက်ရှိပါတယ်။ဖြစ်ချင်တော့ စေတိယမင်းက
ငယ်စဉ်ပညာသင်ဖက်ဖြစ်တဲ့ ပရောဟိတ်ပုဏ္ဏားကြီး ကပိလရဲ့ညီဖြစ်သူ ကောရလဗ္ဗ ကို
ကတိတစ်ခုပေးခဲ့ပါတယ်။အဲဒါဘာလဲလို့ဆိုတော့ စေတိယမင်းက ငါဘုရင်ဖြစ်တဲ့အခါ
မင်းကို ပရောဟိတ်ရာထူးပေးမယ့်ဆိုတဲ့ ကတိကို ကပိလ
ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ညီတော် ကောရကရဗ္ဗကိုပေးခဲ့တာပါ။ဒါနဲ့ စေတိယမင်း
ဘုရင်ဖြစ်တဲ့အခါရောက်တော့ ကပိလ ပုရောဟိတ်ပုဏ္ဏားကြီးကို
အသက်အရွယ်ကြောင့်အရိုသေ ပေးနေရတုန်းပါ။
ပုဏ္ဏားကြီးက အဲဒါကိုမှတ်ပြီး စေတိယမင်းက အရွယ်တူတို့နှင့်တကွ
ချမ်းသာခြင်းကိုဆောင်ခြင်းက ပိုပြီးတင့်တယ်ပါတယ်။ငါက
အိုမင်းနေပြီ။ဒါကြောင့် ရသေ့ပြုတာကောင်းမယ်ဆိုတဲ့
ဆုံးဖြတ်ချက်ကိုချမှတ်ပြီး စေတိယမင်းကို မင်းကြီး
အကျွန်ုပ်သည်ကားအိုမင်းနေပြီး။ကျွန်ုပ်၏သားဖြစ်သူကို
ပုရောဟိတ်အရာပေးလိုက်ပါ။ကျွန်ုပ်ကတော့ ရဟန်းပြုတော့မယ်ဆိုပြီး
မင်းထံခွင့်တောင်းပြီး ရဟန်းပြုပြီး သားကို
ပရောဟိတ်အရာမှာထားလိုက်ပါတယ်။ညီဖြစ်သူ ကောရကလဗ္ဗက
သူကိုပရောဟိတ်အရာမပေးလို့ဆိုပြီး အစ်ကိုဖြစ်သူကို
ရန်ငြိုးဖွဲ့ပါတယ်။တစ်နေ့တော့ စေတိယမင်းနဲ့ ကောရကလဗ္ဗတို့တွေဆုံတော့
ကောရကလဗ္ဗ သင်သည်ကား ပုရောဟိတ်အရာကို မပြုလော့ဟုမေးတော့ အရှင်မင်းကြီး
ကျွန်ုပ်ကား ပုရောဟိတ်ရာထူးကိုမရပါ။အစ်ကိုဖြစ်သူက
သူ့သားအားပေးပြီးရဟန်းပြုနေတာပါလို့လျှောက်တော့ စေတိယမင်းက ကောရကလဗ္ဗကို
ပုရောဟိတ်ရာထူးမှာမင်းနေပါလို့ပြောပါတယ်။ကောရကလဗ္ဗကလည်း မင်းကြီး
အနွယ်ကနေဆင်းသက်လာတဲ့ရာထူးကို ကျွန်ုပ်အစ်ကိုကြီးကိုပယ်ပြီး
ကျွန်ုပ်အဘယ်ကဲ့သို့
ပုရောဟိတ်ရာထူးမှာတည်မှာလဲပြန်လည်လျှောက်ထားပါတယ်။စေတိယမင်းကလည်း
ရဟန်းပြုသွားတဲ့အစ်ကိုကြီးကို ညီဖြစ်အောင်၊ညီကို အစ်ကိုဖြစ်အောင်
မုသားသုံးပြီး ကောရကလဗ္ဗကိုပုရောဟိတ်ရာထူးရအောင်လုပ်ပေးမည်ဟုကတိပေးလိုက်ပြန်ပါတယ်။
ထိုအချိန်ကာလက လူတွေက မုသားစကားကို ပြောလေ့မရှိသလို
မှန်သောစကားကိုသာသုံးစွဲလေ့ရှိတဲ့ခေတ်ပါ။မုသာဝါဒဆိုတာကိုလည်း
မသိသေးတဲ့ခေတ်ပါ။အဲလိုမင်းနဲ့ စေတိမင်းတို့တိုင်ပင်တာကိုကြားတဲ့
ပုရောဟိတ်အသစ် ကပိလသားက ဖခင်ပုရောဟိတ်အဟောင်းရသေ့ကြီးထံကိုသွားပြီး
“ဖခင်”မင်းကြီးကတော့ မုသားသုံးပြီး အကြီးကို အငယ်၊အငယ်ကိုအကြီးပြုပြီး
ပုရောဟိတ်ရာထူးကိုလွှဲတော့မယ်ဆိုတဲ့အကြောင်းကို
ဖခင်ရသေ့ကြီးထံသွားရောက်ပြောကြားပါတယ်။မုသားပြောမယ့်နေ့ကိုရောက်တော့
လူတွေကလည်းဝိုင်းအုံးကြည့်နေခိုက်၊ရသေ့ကြီးကရောက်လာပြီး မင်းကြီး
အသင်မင်းကြီးက အငယ်ကိုအကြီးပြုပြီး
ပုရောဟိတ်ရာထူးကိုပေးမည်ဆိုတာမှန်ပါသလားလို့မေးတော့ မင်းကြီးက
ဆရာ..မှန်ပါတယ်။မင်းကြီး မုသားစကားက
အင်မတန်အပြစ်ကြီးလေး၏။ဂုဏ်ကျေးဇူးကိုဖျတ်ဆီးတတ်၏။အပါယ်လေးပါးတို့၌ဖြစ်တတ်၏။မင်း
သည်ကား မုသားကိုဆိုခြင်းသည် တရားကိုသတ်တာဖြစ်ပါတယ်လို့ဆုံးမတာကိုမနာခံပဲ၊
ရသေ့သင်ကားညီဖြစ်ပါတယ်။ကောရကလဗ္ဗကား အစ်ကိုဖြစ်ပါတယ်ဟုပထမအကြိမ်
လူပရိတ်သတ်ရှေ့မှာ မုသားဆိုလိုက်တာ
အစောင့်အရှောက်နတ်သားလေးပါးကွယ်ပျောက်ခြင်း၊ခန္ဓာကိုယ်မှ
မကောင်းသောအနံ့၊ခံတွင်းမှ
ကြက်ဥပုပ်နံ့ထွက်ခြင်း၊ဈာန်တရားတို့ကွယ်ပျောက်၍ ကောင်းမှလျော့ကျပြီး
မြေ၌တည်ခြင်းဆိုတဲ့ဆိုးကျိုး၊ဒုတိယအကြိမ် မုသားသုံးမှုကြောင့်
ဖမျက်တိုင်အောင် မြေသို့ဝင်ခြင်း၊တတိယအကြိမ် မုသားကြောင့်
ပုစစ်တိုင်အောင်မြေသို့ဝင်ခြင်း၊စတုတ္ထအကြိမ် ရသေ့ကြီးသင်ကားညီ၊ကောရကလဗ္ဗက
အစ်ကိုဖြစ်တယ်ဟု မုသားဆိုခြင်းကြောင့်
ခါးတိုင်အောင်မြေသို့ဝင်ခြင်း၊ထိုသို့ခုနစ်ကြိမ်တိုင်အောင်
မုသားဆိုခြင်းကြောင့် အဝီစိမှမီးလျှံများတက်လာပြီး စေတိယမင်းကို
ဝါးမြိုသွားတာဖြစ်ပါတယ်။ဒါကြောင့်မုသား မပါလင်္ကာမချောဆိုတဲ့
အသုံးအနှုန်းအမှားကြီးကိုပယ်ဖျောက်ပြီး မုသားစကားကို
ပျက်ရယ်မျှပင်မပြုစေဖို့တိုက်တွန်းလိုတာပါ။မြတ်စွာဘုရားရှင်
ရာဟုလာကိုဆုံးမတာရှိပါတယ်။မုသားစကားကို
ရယ်မောဖွယ်ဖြစ်အောင်ပင်မပြောပါနဲ့တဲ့၊ဘာလို့လဲဆိုတော့
မုသာဝါဒကိုကျူးလွန်းသူတစ်ယောက်က ကျန်သော အကုသိုလ်များကို မပြုလုပ်ဝံ့တဲ့
အကုသိုလ်ဆိုတာမရှိခြင်းကြောင့်ဖြစ်ပါတယ်။မှန်ပါတယ်။မုသားစကားကို
ပြောရဲတဲ့သူက မလုပ်ရဲတဲ့အကုသိုလ်ဆိုတာ အမှန်ပင်မရှိတာပါ။အားလုံးသော
အကုသိုလ်များကို မုသားပြောရဲသူက လုပ်ဆောင်ရဲတာပါ။ဒါကြောင့် အားလုံးသော
သူများကိုလည်း အင်မတန်ကြောက်စရာကောင်းတဲ့မုသာဝါဒကံကို
အသက်ထက်ဆုံးရှောင်ကြဉ်စေလိုတာကြောင့် မုသာဝါဒကံအကြောင်းကို
တင်ပြလိုက်တာပါ။

မုသာဝါဒကံကိုလုံခြုံရင် အထက်ကဆိုးကျိုးတို့ရဲ့ပြောင်းပြန်
ကောင်းကျိုးတွေကိုရရှိခံစားရမှာဖြစ်ပါတယ်။

အားလုံးလိုက်နာနိုင်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။
အားလုံးကျန်းမာချမ်းသာကြပါစေ။မုသာဝါဒကံအပါအဝင် ငါးပါးသီလကို အသက်ထက်ဆုံး
တည်အောင် စောင့်ထိန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

ไม่มีความคิดเห็น:

แสดงความคิดเห็น