วันอาทิตย์ที่ 11 กันยายน พ.ศ. 2554

ကြားဖူးနားဝ (၁) သံနှင့်စပ် အပ်နှင့်တောင် မရွယ်ကောင်း


တစ်နေ့ပေါ့ဗျာ....

"ဟဲ့..ဟဲ့....အမလေး...လေ၊ မိဘတွေက ပြောထားကြဖူးလားကွယ်။ မတော် ဒဏ်ရာတွေ ရနေမှဖြင့် ချထားလိုက်..ချထားလိုက်။ မိဘလုပ်သူတွေကလဲတော် ကလေးတွေကို ပစ်ထားကြတယ်လို့တယ်လည်းခက်ပါလား"

"မိစပ်စု...လာစမ်း..လာစမ်း။ ဒါတွေကို သိမ်းထားလိုက်"

အားအားရှိတာနဲ့ ရွာထဲလမ်းလျှောက်ထွက်လာပါတယ်။ အသံတွေက ဆူဆူညံညံမို့ ကြည့်လိုက်ပါတယ်။ စပ်စုမ သားနှစ်ကောင်။ မျောက်မူးလဲလေးတွေ။

တစ်ယောက်နဲ့တစ်ယောက် ဓါးတကိုင်ကိုင်နဲ့ ဆော့နေကြတယ်။ ဒါကို မြင်လိုက်တဲ့ အရိးမအေးမြက ပြောနေ ဆိုနေတဲ့အသံတွေ။ "လာစမ်း ဟိုနှစ်ကောင်"ဆိုပြီး စပ်စုမ ကလေးနှစ်ကောင်ကို လက်ကဆွဲလို့ အိမ်ထဲဝင်သွားပါတယ်။

"အရီး မအေးမြ ဘာဖြစ်တာလဲဗျ"

"အော်...ကလေးတွေ ဓါးကိုင်ပြီး ဆော့နေလို့ပါကွယ်။ အမြင်မတော်လို့ ပြောလိုက်ရတာ။ မင်းလည်း ကြားဖူးမှာပေါ့။ "သံနှင့်စပ် အပ်နှင့်တောင် မရွယ်ကောင်း"ဆိုတာလေ။ ခုတော့ကွယ် ဆော့နေလိုက်ကြတာ အပ်တောင်မက ဓါးကြီးကိုင်ပြီး စစ်တိုက်တမ်း ကစားကြသတဲ့။ ကြုံ..ကြုံဖူးပေါင်ကွယ်"

အရီးအေးမြကတော့ ပြောပြီး တောင်ဝှေးတစ်ချောင်းနဲ့ တစ်လှမ်းချင်း လျှောက်သွားလေရဲ့။

ကျန်ခဲ့တဲ့ ကျွန်တော်မှာသာ အတွေးပေါင်းစုံနဲ့ ကျန်နေရစ်တယ်။

"အော်....သံနှင့်စပ် အပ်နှင့်တောင် မရွယ်ကောင်း..တဲ့"။

**********************************************************************

ကျွန်တော်တို့ ရှေးမြန်မာများဟာ စကားပြောကြတဲ့ နေရာမှာ မှတ်မိလွယ်အောင်၊ အလင်္ကာ သဘောပါအောင်၊ ထင်သာ မြင်သာရှိအောင် ဥပမာ ဥပမေယျလေးတွေနဲ့ ပြောတတ်ကြပါ တယ်။

အခုလည်းကြည့်လေ။ အရီးမအေးမြပြောလိုက်တဲ့ စကားလေး။ စကားပုံဖြစ်တည်ရာ အကြောင်းအရာနဲဆို တော်တော်လေးကို လွဲမှားနေတာကို တွေ့ရတယ်။ ဒါကို နားလည်ဖို့က သမိုင်းနောက်ခံ၊ စကားလုံးစတင်ဖြစ်ပေါ်ရာကို သိထားဖို့လိုပါတယ်။ အဖြစ်မှန်က ဒီလိုပါ။

မြန်မာ့ရာဇ၀င်မှာ တရုပ်ပြေးမင်းရယ်လို့ အမည်တွင်ခဲ့တဲ့ နရသီဟပတေ့မင်း လက်ထက်ဖြစ် ပါတယ်။

တစ်ခါမှာတော့ တရုပ်ပြည်မှ သံတမန်များ ကိစ္စတခုနဲ့နန်းတော်ကို ရောက်လာခဲ့ပါတယ်။ အကြောင်းကိစ္စတစ်ခုနဲ့ ဘုရင်ကနေ အဆိုပါ သံတမန်တွေကို ကွပ်မျက်(သတ်ပစ်) လိုက်ပါတယ်။ ဒါကိုသိတဲ့ ရဟန်းတော် အသျှင်ဒိသာပါမောက်ဆရာတော်က သမိုင်းတွင်တဲ့ စကားတစ်ခွန်းကို မိန့်ကြားခဲ့ပါတယ်။ ဒီစကားကတော့ အရီးမအေးမြ ပြောပြခဲ့တဲ့ ....

"သံနှင့်စပ် အပ်နှင့်တောင် မရွယ်ကောင်း" ဆိုတဲ့ စကားလေးဖြစ်ပါတယ်။

**********************************************************************

ဒါလောက်ဆို ဆိုလိုရင်းကို သဘောပေါက်နိုင်ပါပြီ။ ဆရာတော် ရည်ညွှန်းခဲ့တဲ့ "သံ" ၊ ယခုခေတ်လူများ သဘောပေါက်ကြတဲ့ "သံ"၊ အတော်လေးကို ခြားနားနေတာကို တွေ့မှာပါ။ အသံတူသော်လည်း

အကြောင်းအရာကွဲပြားတဲ့ သံတူကြောင်းကွဲစကားလုံး

ဖြစ်နေတာ တွေ့နိုင်ပါတယ်။

ဆရာတော် မိန့်တော်မူတဲ့ ဆိုလိုရင်းဖြစ်တဲ့သံက သံတမန် ကို ဆိုလိုရင်း ဖြစ်ပါတယ်။

နိုင်ငံတကာထုံးစံအရ စစ်ဖြစ်နေတဲ့ နိုင်ငံချင်းချင်း၊ လူမျိုးချင်းချင်းဖြစ်ပါစေ သံတမန်ကိစ္စရပ် များကို လက်ခံဆွေးနွေးရပါတယ်။ ငါ့ရန်သူပဲဆိုပြီး သတ်ပစ်လို့ မရပါဘူး။ သံခင်းတမန်ခင်း (သံတမန်)ကိစ္စနှင့် ပတ်သက်လာရင် သတ်ပစ်ဖို့ မဆိုထားနှင့်၊ အသေးငယ်ဆုံးဖြစ်တဲ့ အပ်ကလေးနဲ့တောင်မှ မရွယ်ကောင်းပါဘူး လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကို ရည်ရွယ်ပြီး ဆရာတော်က "သံနှင့်စပ် အပ်နှင့်တောင် မရွယ်ကောင်း"လို့ မိန်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့...

ကာလရှည်ကြာလာတော့ အဓိပ္ပါယ်ကောက်ယူပုံဟာ ကွဲပြားလာပါတော့တယ်။ အရီးမအေးမြတို့ ယူဆတာက သံနှင့်ပြုလုပ်ထားသော အပ် ဖြစ်သွားပါတော့တယ်။ သံထည်ပစ္စည်းဆိုလျှင် အ၀တ်ချုပ်ရာတွင်သုံးပြုသည့် အပ်နဲ့တာင်မှ မရွယ်ကောင်းဘူးလို့ အဓိပ္ပါယ်ရောက်သွားပါတော့တယ်။

ဆရာတော်ဆိုလိုတာက သံဆိုသည်မှာ သံတမန် (သန်ခင်း တမန်ခင်း)ကိစ္စ၊

ယခုခေတ်ယူဆကြသည်က သံဆိုသည်မှာ သံနှင့်ပြုလုပ်ထားသော အပ်၊

မူလဆိုလိုရင်းအဓိပ္ပါယ် လုံးဝပြောင်းလွဲသွားသည့် ယူဆချက်ဟု ဆိုရပေမည်။ အမိုင်းတန်ဖိုး၊ စကားလုံးအင်အားသည်လည်း လျော့သွားသည်ကို တွေ့ရသည်။

**********************************************************************


ယခုကဲ့သို့ အကျွန်ုပ်ကြားဖူးနားဝ မှတ်သားစရာလေးများကို ရွာသူ/သား အပေါင်းတို့အား

ပြန်လည်ဝေမျှလိုက်ရပါသည်။

မှားရင် ပြင်၊ မှန်ရင် အတည်ပြု၊ စိတ်ထဲမှာ အခု မထားတဲ့...................

ရွာသားလေး

ไม่มีความคิดเห็น:

แสดงความคิดเห็น